End to end encryption ဆိုတာဘာလဲ

အခုနောက်ပိုင်း messaging apps တွေတော်တော်များများ end to end encryption ကိုသုံးလာကြပါတယ်။

ဒီနေ့ end to end encryption အကြောင်းကိုနည်းနည်းလေးမျှဝေချင်ပါတယ်။ ဥပမာလေးနှစ်ခုနဲ့ကျွန်တော်ပြောပြပါမယ်။

ဥပမာ (၁)

Aဆိုတဲ့လူကBဆိုတဲ့လူဆီကို end to end encryption မပါတဲ့ messaging app တစ်ခုကိုအသုံးပြုပြီး "မနက်ဖြန် ၅ နာရီတွေ့ရအောင်" ဆိုတဲ့စာပို့ပါတယ်။

အဲ့အခါအဲ့ဒီစာက A ရဲ့ phone ကနေ messaging app ရဲ့ server ကိုရောက်ပါတယ်။ messaging app ရဲ့ server ကနေမှ B ရဲ့ phone ထဲကိုရောက်ပါတယ်။

Hacker လို့လူတွေခေါ်ကြတဲ့မသမာတဲ့သူတွေက messaging app ရဲ့ server ထဲကိုခိုး၀င်တာအောင်မြင်သွားတဲ့အခါ A က B ကို "မနက်ဖြန် ၅ နာရီတွေ့ရအောင်" ဆိုတဲ့စာကိုပို့ထားတာကိုသိသွားမှာဖြစ်ပါတယ်။

ဥပမာ (၂)

Aဆိုတဲ့လူကBဆိုတဲ့လူဆီကို end to end encryption ပါတဲ့ messaging app တစ်ခုကိုအသုံးပြုပြီး "မနက်ဖြန် ၅ နာရီတွေ့ရအောင်" ဆိုတဲ့စာပို့ပါတယ်။

end to end encryption ပါတာကြောင့် A ရဲ့ဖုန်းထဲမှာပဲ "မနက်ဖြန် ၅ နာရီတွေ့ရအောင်" ဆိုတဲ့စာကိုဖတ်လို့နားမလည်တဲ့စာတွေအဖြစ်ပြောင်းလိုက်ပါတယ်။ဥပမာ - "‌ေျိ်ါ့ြုူး" ပေါ့။

ပြီးမှအဲ့ဒီပြောင်းထားတဲ့ "‌ေျိ်ါ့ြုူး" ကို A ရဲ့ phone ကနေ messaging app ရဲ့ server ကိုပို့ပါတယ်။ messaging app ရဲ့ server ကနေမှ B ရဲ့ဖုန်းထဲကိုပို့ပါတယ်။

B ရဲ့ဖုန်းထဲရောက်တော့မှ "‌ေျိ်ါ့ြုူး" ကို "မနက်ဖြန် ၅ နာရီတွေ့ရအောင်" လို့ပြန်ပြောင်းပြီးပြလိုက်ပါတယ်။

အဲ့အခါ hacker ဆိုတဲ့သူက messaging app ရဲ့ server ထဲခိုး၀င်နိုင်ရင်တောင် A က B ကိုဘာပို့ထားတဲ့ဆိုတာနားလည်တော့မှာမဟုတ်ပါဘူး။ဒါက end to end encryption ရဲ့အရိုးရှင်းဆုံးအခြေခံပါပဲ။



Comments